Studio Square Statement (Myanmar)

 

Myanmar | English

Download Studio Square

    

     

အာကါသထဲမှာ ကမ္ဘာကြီး လည်ပြီးရွေ့နေတာနဲ့အမျှ ကမ္ဘာကြီးပေါ်က နိုင်ငံတွေလည်း လိုက်ရွေ့နေပါတယ်။ လေဟာနယ်ထဲ ရပ်ပြီး ကျန်ရစ်နေတဲ့ နိုင်ငံဆိုလို့ တစ်နိုင်ငံမှမရှိ။ မြန်မာဟာ ဘယ်လောက်ပဲ ခေတ်နောက်ကျ ကျန်ရစ် ခဲ့တယ်လို့ ဆိုဆို၊ လေဟာနယ်ထဲမှာတော့ ရပ်တန့်ပြီး ကျန်မနေရစ်ပါ။ ကမ္ဘာကြီး ရွေ့နေတာနဲ့အမျှ မြန်မာဟာလည်း လိုက်လို့ ရွေ့နေပါတယ်။ အဲဒီလိုပါပဲ မြန်မာ အနုပညာရှင်တွေဟာလည်း ရပ်တန့်လို့မနေ၊ လေဟာနယ်ထဲ အထီးကျန်စွာ ချန်မနေ၊ ကမ္ဘာကြီးထဲက အနုပညာရှင်တွေလိုပဲ ရွေ့လို့၊ လျားလို့။

မြန်မာ အနုပညာဟာ ၁၉၈၈ နောက်ပိုင်းမှာ ကမ္ဘာနဲ့ အရင်ကထက် ပိုနီးကပ်စွာ ကူးလူးဆက်ဆံခဲ့ပြီး၊ မော်ဒန်ခေတ်ကနေ မော်ဒန်လွန်ခေတ်ဆီကို စတင်ကူးပြောင်းခဲ့ပါတယ်။ ၁၉၈၈ ကနေ ၂၀၀၀ ခုနှစ်ကာလဟာ အသွင် ကူးပြောင်းရေး ကါလ တစ်ခုဖြစ်ခဲ့ပြီး၊ ၂၀၀၀ ခုနှစ် နောက်ပိုင်းမှာ မြန်မာအနုပညာဟာ အရင်ကနဲ့ မတူတဲ့ အသွင်သဏ္ဍန်တစ်ခုနဲ့ ပေါ်ထွက် လာခဲ့ပါတယ်။ အဲဒီမှာ လူငယ်အနုပညာရှင် လက်သစ်တွေ ပေါ်ထွက်ခဲ့သလို သူတို့ ကိုယ်ထူကိုယ်ထ ထူထောင်တဲ့ အနုပညာ ပြခန်းတွေဟာလည်း စတင်ပေါ်ထွက်လာခဲ့ပါတယ်။ စတူဒီယို စကွဲဟာ အဲဒီလို ပေါ်ထွက်လါခဲ့တဲ့ ပြခန်းတွေ ထဲက တစ်ခု ဖြစ်ပါတယ်။

စတူဒီယို စကွဲအုပ်စုဖြစ်တဲ့ ငြိမ်းချမ်းဆု၊ မင်းဇော်၊ ဘခိုင်၊ ဟိန်းသစ်၊ တာတီး တို့ဟာ ၁၉၉၅ ၀န်းကျင်မှာ ရန်ကုန် အနုပညာကျောင်း တွေဆီ တက်ရောက်ခဲ့တဲ့သူတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့စိတ်ဝင်စားတဲ့ မော်ဒန်ပန်းချီကိုတော့ ရန်ကုန် အနုပညာ ကျောင်းပြင်ပမှာ လေ့လာသင်ယူ ခဲ့ကြရသူတွေ ဖြစ်ပါတယ်။ ၂၀၀၀ ခုနှစ် အကျော်မှာတော့ သူတို့ ဟာ အဲဒီ မော်ဒန်ဝါဒဆီကနေ တနည်းမဟုတ် တနည်းနဲ့ ရုန်းထွက်ကာ သူတို့ရဲ့ ကိုယ်ပိုင်ပန်းချီဟန် အသီးသီးကို ဖန်တီး ပြနိုင်ခဲ့ပါတယ်။

ငြိမ်းချမ်းဆု( b-1973) ဟာအရောင်တွေနဲ့ စုတ်ချက်တွေကိုသာ အဓိကထား သုံးစွဲခဲ့သူ ဖြစ်ပါတယ်။ ရန်ကုန် ပန်းချီ လောကအပေါ် ၁၉၇၀ ကျော်ကာလမှာ အားကောင်းစွာ အုပ်စိုးလွှမ်းမိုးခဲ့တဲ့ AbEx ပန်းချီဟန်တွေရဲ့ လွှမ်းမိုးမှု့ကို ငြိမ်းချမ်းဆု လက်ရာတွေ အပေါ်ထင်ထင်ရှားရှား မြင်တွေ့နိုင်ပါတယ်။ ဒါပေမဲ့ သူဟာ အရင့်အရင် Abstract ဆရာတွေ နဲ့ (ခင်မောင်ရင်၊ ခင်ဝမ်း၊ မောင်ဒီ) မတူပဲ တမှုထူးခြားစွာ ထွက်ပေါ်နိုင်ခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။ ရောင်ပြင်တွေ၊ ရှင်သန်နေတဲ့ စုတ်ချက်တွေ မှုရင်း အရောင်အတွဲအစပ်တွေ၊ စုတ်ချက်တစ်ခု နဲ့တစ်ခု အထပ်မှာ ဆေးတွေရောစပ်ပြီး အသစ် ထွက်လာတဲ့ အရောင်တွေ။ ဒါတွေဟာ သူ့ပန်းချီကားတိုင်းမှာ တွေ့ရတဲ့အရာတွေ ဖြစ်ပါတယ်။ ဒါအပြင် သူ့ ပန်းချီတွေဟာ စုတ်ချက်သက်သက်နဲ့ရေးတဲ့ အကြောင်းအရာမဲ့ Abstract ပန်းချီမျိုးမဟုတ်တော့ ။ သူရဲ့ စုတ်ချက်နဲ့ အရောင်တွေဟာ ရှုမျှော်ခင်းတစ်ခုကို ဖော်ညွှန်းလာခဲ့ပါတယ်။ ကောင်းကင်၊ မြေကြီး၊ လူ စတာတွေဟာ သူ့ ပန်းချီကား တိုင်းမှာ တွေ့ရတဲ့ သင်္ကေတတွေ ဖြစ်လာပါတယ်။ သူ့ ပန်းချီကားတွေဟာ ကြည့်သူကို ဆုံးစမရှိတဲ့ လောက ဟင်လင်း ပြင် ဆိုတဲ့ အာရုံခံစားမှု့မျိုးကို ပေးထားခဲ့ပါတယ်။

၁၉၈၈ နောက်ပိုင်း မြန်မာပန်းချီဆရာတွေဟာ သူတို့ကို အလွန်အကျူး လွှမ်းမိုးခဲ့တဲ့ Abstract ပန်းချီဆီကနေ ခွာထွက်ဖို့ တစ်နည်းမဟုတ် တစ်နည်း ကြိုးစားခဲ့ကြတာကို အထင်အရှား တွေ့မြင်နိုင်ပါတယ်။ ဒါပေမယ့် မြန်မာ မော်ဒန် ပန်းချီ သမိုင်းထဲက ထူးခြားချက်တစ်ခုကို သတိပြုမိဖို့လိုပါလိမ့်မယ်။ အဲဒီ အချက်ကတော့ မြန်မာမော်ဒန်ပန်းချီ စတင်ခဲ့သူ ဗဂျီအောင်စိုးဟာ အနောက်တိုင်း မော်ဒန်ပန်းချီတွေနဲ့ မတူပဲ အရှေ့တိုင်း ပန်းချီဟန်၊ အရှေ့တိုင်း အနုပညာ အယူအဆ တွေနဲ့ သူရဲ့ကိုယ်ပိုင် မော်ဒန်ပန်းချီ လမ်းကြောင်းကို စတင်ခဲ့တဲ့အချက်ပဲ ဖြစ်ပါတယ်။ ၁၉၈၀ ကျော်လွန်နှစ်တွေရဲ့ မြန်မာ New figurative ပန်းချီဟာ ဗဂျီအောင်စိုးဆီမှာ စတင်မြစ်ဖျားခံခဲတယ်လို့ ဆိုပါတယ်။ ဒီ New figurative ပန်းချီကို စိတ်ဝင်စားလာခဲ့တဲ့ မြန်မာလူငယ် ပန်းချီဆရာတွေဟာ နိုင်ငံတကါ အနုပညာနယ်စပ်က ဖီလစ်ဂတ်စတန်တို့၊ ကလီမန်တေတို့ထက် မြန်မာမော်ဒန်ပန်းချီကျော် ဗဂျီအောင်စိုးကို အရင်ဦးဆုံး စတင် ထိတွေ့ခဲ့ကြရတယ်လို့ ဆိုနိုင် ပါတယ်။

မင်းဇော်(b-1972) ဟာသူရဲ့ ပန်းချီဘွဲ့ကို ဗဂျီအောင်စိုးရဲ့ အနုပညာဆိုတဲ့ စာတမ်းနဲ့ ရယူခဲ့သူ ဖြစ်ပါတယ်။ သူရဲ့ New figurative ပန်းချီတွေဟာ အဲဒီအချိန်က စတင်လာခဲ့ပြီး ယနေ့ထိ ၁၂ နှစ်တာ ခရီးကို ကျော်ဖြတ်ခဲ့လာခဲ့ ပြီးပြီလို့ ဆိုရပါတယ်။ Red women ပန်းချီကားတွဲတွေဟာ သူ့ရဲ့ လတ်တလော လက်ရာတွေ ဖြစ်ပါတယ်။ သူရဲ့ အမျိုးသမီး တွေဟာ မြန်မာ အမျိုးသမီးတွေရဲ့ ပုံသဏ္ဍန်တွေ ဖြစ်ပါတယ်။ ဒါပေမဲ့သူဟာ မြန်မာ အမျိုးသမီးတွေရဲ့ ၀တ်စားဆင် ယဉ်ပုံ၊ ယဉ်ကျေးမှု့ တစ်စုံတစ်ခုကို ရည်ညွှန်းပြောဆိုချင်ပုံ မရပါ။ သူရဲ့ အမျိုးသမီးတွေဟာ ဗန်ဒါစေ့လို့ မျက်လုံးတွေနဲ့ ပန်းချီကို လာကြည့်သူတွေကို ပြန်ကြည့်နေတယ်။

ဒီအမျိုးသမီးတွေရဲ့ အကြည့်ဟာ ခပ်စိမ်းစိမ်း။ ဖေါ်ရွေမှု့သိပ်မရှိ။ သူမဟာ ပျော်နေတာလား၊ ၀မ်းနည်းနေတာလား ဆိုတဲ့ တိတိကျကျ ခံစားချက်တစ်ခုကို ဖေါ်ပြနေတာမျိုးမရှိ။ မင်းဇော်ဟာ ကောက်ကြောင်းတွေနဲ့ အလုပ်လုပ်သူ ဖြစ်ပါတယ်။ ကောက်ကြောင်း အဓိကထားပြီးမှ အရောင်။ အခုပန်းချီကားတွဲမှာတော့ အနီရောင် တစ်မျိုးတည်းကိုသာ သူသုံးစွဲ ထားပါတယ်။ သူ့ရဲ့ Red Women တွေဟာ အနီရောင် အမျိုးသမီးပုံကို ရေးဆွဲတာမျိုးမဟုတ်ပဲ၊ သူရေးဆွဲထားတဲ့ အမျိုးသမီးကို အနီရောင်ထဲ ထည့်သွင်ထားလိုက်တာမျိုး တွေ့မြင်နိုင်ပါတယ်။

မြန်မာ မော်ဒန်ပန်းချီလောကမှာ အစောပိုင်းအနေနဲ့ ဗဂျီအောင်စိုးရဲ့ လွှမ်းမိုးမှု့နဲ့ ခင်မောင်(ဘဏ်)ရဲ့ လွှမ်းမိုးမှု့ဆိုပြီး အဓိက လမ်းကြောင်း နှစ်ခုရှိခဲ့တဲ့အထဲမှာ ခင်မောင်(ဘဏ်)ဟာ အနောက်တိုင်း cubism ကို အခြေခံပြီး မြန်မာအာရုံ ခံစားမှု့ကို ပေါင်းစပ်ရေးဖွဲ့ခဲ့သူ ဖြစ်ပါတယ်။ မြန်မာ မော်ဒန်ပန်းချီကျော် ပေါ်ဦးသက် (b-1111) ဟာ ခင်မောင်(ဘဏ်) ရဲ့ တပည့်တစ်ဦး ဖြစ်ခဲ့ပြီး သူ့ဆရာရဲ့ မော်ဒန်ပန်းချီဟန်ကို ချဲ့ထွင်ရေးဆွဲခဲ့သူ ဖြစ်ပါတယ်။ အဲဒီ ခင်မောင်(ဘဏ်)၊ ပေါ်ဦးသက် ပန်းချီဟန်အတိုင်း လိုက်လျှောက်ကာ ချဲ့ထွင်ရေးခဲ့တဲ့ မြန်မာလူငယ် ပန်းချီဆရာ အတော်များများ ရှိတဲ့ အထဲမှာ ဗခိုင်(၁၉--) ဟာ တစ်ယောက် အပါအ၀င် ဖြစ်ပါတယ်။ ဒီပန်းချီဟန်နဲ့ ရေးရာမှာ ဗခိုင်ရဲ့ ချဲ့ထွင်ခဲ့တဲ့ အချက်က တော့ ရန်ကုန်မြို့ ရှုခင်းတွေကို ပေါင်းစပ်ထည့်သွင်းခဲ့တဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဂျပန်ခေတ် စစ်လျှော်ကြေးရခဲ့တဲ့ ဘတ်စ်ကားတွေ၊ ရှေးမြန်မာ ဘုရင်တွေတည်ခဲ့တဲ့ ဆူးလေစေတီ၊ ကိုလိုနီခေတ်က အဆောက်အဦးတွေ၊ ယနေ့ ခေတ်ပေါ် တိုက်တာတွေဟာ သူ့ပန်းချီကား အကြောင်းအရာတွေ ဖြစ်လာပါတယ်။

Abstract ပန်းချီနဲ့ Pop အနုပညာရှင်တွေလုပ်လေ့လုပ်ထရှိတဲ့ ကာတွန်းတွေနဲ့ တွဲစပ်ရေးဆွဲခဲ့သူကတော့ ဟိန်းသစ် ဖြစ်ပါတယ်။ သူဟာ ဒီကူးနင်းလို မိန်းမအကြောင်းအရာကို စုတ်ချက် ခပ်ကြမ်းကြမ်းတွေနဲ့ ရေးဆွဲတတ်သူ ဖြစ်ပါတယ်။ သူဟာလည်း အကြောင်းအရာမဲ့ Abstract ပန်းချီရေးဆွဲရာက မိန်းမ figure တွေဆီ ဦးလှည့်လာသူတစ်ဦး ဖြစ်ပါတယ်။ အခု ၂၀၀၉ ခုနှစ်မှာ သူဟာ pop art ဆန်ဆန် အယူအဆတွေကို စွဲကိုင်လါပြီး သူရဲ့ ရေးနေကျ စုတ်ချက်တွေနဲ့ တွဲစပ်လာခဲ့တာ တွေ့နိုင်ပါတယ်။ ဒီဇာတ်ကောင်တွေ ပြောစကားတွေကို သူကါတွန်း စာအုပ်တွေဆီက ရွေးချယ် ထုတ်ယူခဲ့ပြီး မိန်းမ figure ကို စုတ်ချက် ခပ်ကြမ်းကြမ်းနဲ့ ပေါင်းစပ် ရေးဆွဲခဲ့ပါတယ်။ ဒီကာတွန်းတွေရဲ့ စကားတွေ၊ အမှုအရာတွေကို သူရဲ့ မိန်းမဆိုတဲ့ အကြောင်းအရာတွေနဲ့ ပေါင်းစပ်ပြီး ထွက်လာတဲ့ နောက်အဓိပ္ပါယ်တစ်ခုကို ပရိသတ်ဆီ သူပေးချင်ပုံရပါတယ်။

ရန်ကုန် အနုပညာကျောင်းတွေဟာ မော်ဒန်ဝါဒကို သင်ရိုးညွှန်းတမ်းထဲ ထည့်သွင်းခဲ့ခြင်း မရှိ။ ထို့အတူ ယခုအချိန် ကာလမှာလည်း မော်ဒန်လွန်ခေတ်ရဲ့ ကွန်တန်ပိုရာရီ အနုပညာ အယူအဆတွေကို ကျောင်းသားတွေနဲ့ ထိတွေ့ ပေးနိုင်ခဲ့ခြင်း မရှိ။ ကျောင်းကထွက်လာတဲ့ လူငယ်အနုပညာရှင်တွေဟာ ဒီအနုပညာ အယူအဆတွေကို ပြင်ပလောက မှာ ကိုယ့်ဖါသာကို ရှာဖွေလေ့လာ ကြပါတယ်။

တာတီးဟာ အဲဒီလိုလူငယ်အနုပညာရှင်တွေထဲက တစ်ယောက်ဖြစ်ပါတယ်။ သူဟာ ရှေးမြန်မာ ဘုရင်ခေတ်ဆီက နံရံဆေးရေးပန်းချီ ရုပ်ပုံတွေ၊ ပုရပိုက်တွေထဲက ပါဌိစာလုံးရေးဟန်တွေနဲ့ ပေါင်းစပ်ပြီး သူရဲ့ ( ) ပန်းချီကားတွေကို ရေးဆွဲခဲ့ပါတယ်။ ရှေးခေတ်က နံရံဆေးရေး ရုပ်ပုံတွေ၊ စာလုံးတွေကို မော်ဒန်အယူအဆတွေနဲ့ တွဲစပ်ပြီး မျက်မြင် အာရုံခံစားမှု့တစ်ခုကို ဖေါ်ထုတ်ဖို့ ရည်ရွယ်ပါတယ်။ ဒါအပြင် ဒီစာလုံးတွေ၊ ဒီရုပ်ပုံတွေရှိခဲ့တဲ့ ရှေးခေတ်က အဖြစ်အပျက် အကြောင်းအရာတွေကို အခုလက်ရှိဝန်းကျင်ထဲ ထည့်သွင်းလိုက်တာလို့ တာတီးက ပြောပါတယ်။

၂၀၀၉ခုနှစ်မှာ စတူဒီယိုစကွဲဟာ သက်တမ်း ၆နှစ်တာကာလကို ဖြတ်သန်းခဲ့ပြီး ဖြစ်ပါတယ်။ ဒီနှစ်ကာလတွေမှာ သူတို့ဟာ ရှိနှင့်ပြီးသား မြန်မာမော်ဒန်ပန်းချီ ရေခံမြေခံအပေါ် အခြေခံပြီး ဆန်းသစ်တဲ့ တီထွင်မှုတွေကို ပြုလုပ်ခဲ့ ကြပါတယ်။ သူတို့ဟာ အရှေ့တိုင်း အနုပညာရှင်တို့ ထုံးစံအတိုင်း အနောက်တိုင်း ပန်းချီသမိုင်းကို အရှေ့တိုင်း အတွေး အခေါ် အယူအဆတွေ ပေါင်းစပ်ကာ ပုံစံသစ်တစ်ခုကို ဖေါ်ပြဖို့ ကြိုးစားစမြဲ။ ဒီပုံစံသစ်တွေဟာ အရှေ့တိုင်းဆန်နေသလို၊ အနောက်တိုင်း ပန်းချီဟန်တွေလည်း ရောစွက် နေခဲ့ပါတယ်။

ယခု ၂၀၀၀ခုနှစ်ကျော်လွန်နှစ်တွေမှာ မြန်မာ အနုပညာလောကဆီကို အနောက်တိုင်းရဲ့ ကွန်တမ်ပိုရာရီ အနုပညာ အယူ အဆတွေ ၀င်ရောက်လာနေပြန်ပြီ။ ဒီအပေါ်အခြေခံပြီး မြန်မာအနုပညာရှင်တွေ ဘယ်လို ဖေါ်စပ်မှုတွေပြုလုပ်ပြီး၊ ဘယ်လို အနုပညာတွေကို ဖေါ်ထုတ်ကြမလဲ။ ဤအချက်ကို လာမယ့်နှစ်တွေမှာ စောင့်ကြည့်ဖို့ လိုအပ်လာပြီ ဖြစ်ပါတယ်။ ဒီလို စောင့်ကြည့်ရမယ့် အနုပညာရှင်တွေထဲမှာ စတူဒီယိုစကွဲယား အနုပညာရှင်တွေဟာ အဓိက နေရာမှာ ရှိနေတယ်လို့ ဆိုရပါမယ်။

 

ART WORKS

CONTACT US

F.36/14, First Floor, Pearl Condominium(A), Corner of saya San rd & Kaba Aye Pagoda Road.
Tel - 557448
Ext - 865, 095019366, 095019630
www.studiosquaregallery.com